မေလတွင်း ရုံးပိတ်ရက် အားလပ်နေချိန်မို့
ဒီတစ်ပါတ်တော့ ဆင်ဖြူတောင်သွားဖို့စိတ်ကူးရှိလာတာနဲ့ မိသားစုနဲ့အတူ အိမ်အနီးနားက ခလေးတစ်သိုက်ပါ
ကျွန်တော်ခေါ်ပြီး မနက်ပိုင်းလောက် အိမ်မှ ထွက်လာခဲ့မိပါတယ်။ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းက
တစ်လမ်းမောင်းဆိုတော့ ပျဉ်းမနားမြို့မဈေးကြီးဘေးက တစ်လမ်းမောင်းလမ်းအတိုင်း အရှေ့ဘက်ကို
ဆက်ထွက်တဲ့အခါ ပျဉ်းမနားမြို့ရှောင်လမ်း(ရန်ကုန်-မန္တလေးလမ်းဟောင်း)ကို တည့်တည့်ဆက်ဖြတ်မိတယ်ဆိုရင်ဘဲ
ပျဉ်းမနားသကြားစက်လမ်းအတိုင်း ချောမွေ့တဲ့ ကတ္တရာလမ်းကို ၄ မိုင်လောက် ၀င်လိုက်တော့
မြေသားလမ်း(၁)ဖာလုံလောက်မောင်းပြီး ပြင်လက်စ တံတားနဲ့ လမ်းလွှဲတစ်ခုတွေ့ပါတယ်။ အဲဒီလမ်းလွှဲမှ
လမ်းမပေါ် ပြန်မတက်ဘဲ တာဘောင်ပေါ် တက်လိုက်တယ်ဆိုယင်ဘဲ ပေါင်းလောင်းချောင်းရဲ့ရေပြင်နဲ့
ရေလွှဲဆည် ကို တွေ့မြင်လိုက်ရပါတယ်။ တာဘောင်က အတော်ကျဉ်းပြီး ကား(၂)စီးရှောင်ဖို့တောင်
ခက်ခဲလှတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ တာဘောင်အတိုင်း (၃)ဖာလုံလောက်မောင်းတော့
ရေလွှဲဆည်ကြီးအပေါ်မှာ ကွန်ကရစ်တံတား(ကား ၂စီးရှောင်မရပါ) တွေ့ပြီး တံတားပေါ် ဖြတ်မောင်းလိုက်တော့
ရေသံတ၀ုန်းဝုန်း နဲ့ အောက်ဘက်ကို ကျဆင်းနေတဲ့ ရေလှိုင်းကြီးတွေ တွေ့ရပါတယ်။ တစ်ဘက်ကမ်းရောက်ပြီး
ဘယ်ကွေ့လမ်းအတိုင်းတက်လိုက်တဲ့အခါ ဆောက်လုပ်ရေး
ရှင်းလင်းဆောင်တစ်ခုကို တွေ့ရပါတယ်။ ဂ၀ံဆန်တဲ့မြေနီလမ်းကျယ်အတိုင်း ၁၅ မိနစ်လောက်မောင်းလိုက်တဲ့ အခါ
ဆင်ဖြူတောင်သို့ဆိုတဲ့လမ်းညွှန် ဆိုင်းဘုတ်တစ်ခုကို လမ်းမကြီးရဲ့ညာဘက်မှာတွေ့ရပြီး တည့်တည့် ဆက်မောင်းဖို့ညွှန်ထားပါတယ်။
ဆိုင်းဘုတ်ဘေးမှာ လမ်းဘေးဆိုင်တစ်ခုတွေ့ပြီး လမ်းစုံစမ်းတော့ တည့်တည့်မောင်းသွားပြီးဝဲကြီးရွာဘက်မှ
ဝင်မှသာရမဲ့အကြောင်း ဆိုင်ရှင်ကပြောလို့ သူ့လမ်းညွှန်အတိုင်းထွက်လာတာ ၀ဲကြီးရွာဝလမ်းခွဲမှ
ဘယ်တည့်တည့်ချိုးလိုက်တော့ ဆင်ဖြူတောင်ကို လှမ်းမြင်လိုက်ရပါတယ်။ ရွာအ၀င်လမ်းအတိုင်း
ဆက်မောင်းလာတာ တောင်ခြေရောက်တော့ ညာကွေ့ မြေသားလမ်းငယ်အတိုင်း (၂)ဖာလုံလောက်မောင်း
တဲ့အခါ ဈေးဆိုင်နဲ့ တောင်ပေါ်တက်တဲ့လှေခါးထစ်တွေ့ရပါတယ်။ ကျွန်တော်တို့မိသားစုနဲ့ခလေးတစ်သိုက်
တို့ကားရပ်ပြီး လှေခါးထစ်အတိုင်းတက်လာတော့ ဘုန်းတော်ကြီးကျောင်းတစ်ခုတွေ့လို့ ၀င်ရောက်ဖူးမြှော်ဦးချပြီး
အလှူခံပုံးလည်းမတွေ့တာနဲ့ ဆရာတော်ကို န၀ကမ္မအလှူငွေကပ်ခဲ့ပါတယ်။ ကျောင်းမှ ကိတ်ခြောက်နဲ့
ရေနွေးကြမ်းကို အမောပြေစားဖို့ ကျောင်းဒကာမတစ်ဦးမှလာချပေးပါတယ်။ ဒီလိုနဲ့ ဘုန်းတော်ကြီးကျောင်းရှေ့မှာ
ဂူလေးတွေကို တွေ့တာနဲ့ မေးကြည့်တော့ ဇော်ဂျီဂူထဲကို ဓာတ်မီးပါမှ ၀င်လို့ရမှာ ဖြစ်ကြောင်း၊
အထဲတွင် အလင်းရောင်မရှိသည့်အပြင် ၀င်လမ်းအလွန်ကျဉ်းကြောင်း၊ အောက်ထဲတွင်မူ ဘုရားရှိပြီး
ကျယ်ဝန်းကြောင်းသိရပါသည်။ ကျွန်တော်လည်း ဂူကျဉ်းသည်ဆို၍ မ၀င်ခဲ့တော့ ဘဲ တောင်ပေါ်ဆက်တက်ခဲ့ပါတယ်။
ဆင်ဖြူတောင်တက်ရာလမ်းတစ်လျှောက်မှာ
ဘုရားစေတီများ၊ နယ်ပိုင်မယ်တော်ကြီး အမေဖြူနတ်နန်းများတွေ့ရပါတယ်။
မျောက်တွေကလည်း ဘုရားဖူးဧည့်သည်တွေ
လာယင် စားရမလားလို့ဆိုပြီး နောက်က လိုက်လာကြပေမဲ့ ဘယ်ဘုရားဖူးမှ ကျွေးတာမရှိတာကိုသတိထားမိပါတယ်။
ဧည့်သည်ကလည်းတစ်နေကုန်မှ
လူ(၂၀)လောက်တောင်မရှိလေတော့ ဒေသခံကလေးငယ်များ ပြောပြချက်အရ မျောက်တွေက စားစရာမရှိတော့
ဆာလာရင်စိတ်တိုပြီး စောင်းတန်းတွေကို တ၀ုန်းဝုန်းနဲ့လုပ် တတ်တဲ့အကြောင်းသိရပါတယ်။ ကျွန်တော်လည်း
မျောက်စာကျွေးချင်ပေမဲ့ ဘာဆိုင်မှမရှိတာကြောင့် မျောက်တွေကို အလွန်သနားမိပေမဲ့ ဘာမှမပါလာတော့
မကျွေးနိုင်ခဲ့ပါဘူး။ ကလေးတွေမေးကြည့်တော့ ငှက်ပျောသီး၊ ပဲလှော်၊ မုန့် သရေစာမှန်သမျှအကုန်
ပေးတာစားတယ်လို့ပြောပါတယ်။
ပထမပိုင်းတော့ နတ်နန်းအထိ
လှေကားထစ်တွေ ပြေပြေတက်ခဲ့ရပြီး ကျောင်းဆောင်တစ်ခုမှာ ဘုရားတစ်ဆူနဲ့ သံချိန်ပိသာ ၉၀
နဲ့လုပ်ထားတဲ့ ဇော်ဂျီရုပ်ထုကို တွေ့ပါတယ်။ ဇော်ဂျီရုပ်ထုကို နှိပ်ပေးရင် အကိုက်အခဲပြေပျောက်တယ်လို့ဆိုပါတယ်။
ဘယ်ဘက်မှာ နတ်နန်းကို လှမ်းမြင်ရပါတယ်။
နတ်နန်းကျော်ပြီး ပထမအဆင့်
ရောက်အောင်တက်လိုက်တဲ့အခါ အဆောင်တစ်ခုနဲ့ ဘုရားတစ်ဆူနဲ့ မျောက်မင်းပုံတော်ကို တွေ့ရပါတယ်။
အချို့ဘုရားဖူးခရီးသည်တွေ ဒီအဆင့်အထိသာ ရောက်ပြီး ဆက်တက်ရမဲ့မတ်စောက်တဲ့ လှေကားထစ်တွေကြည့်ပြီး
မတက်နိုင်တော့လို့ ပြန်လှည့်တာလဲရှိတယ်ဆိုတဲ့ ဆရာတော်မိန့်ကြားတာကို ပြန်သတိရမိပါတယ်။
ရောက်မှတော့ တောင်ထိပ်အထိတက်မယ်ဆိုတဲ့စိတ်နဲ့ ထိပ်ဆုံးရောက်အောင် တက်ခဲ့ရပါတယ်။
မဟာဆင်မုန်တိုင်းကလည်း ပင်လယ်ထဲရှိနေချိန်ဆိုတော့
ရာသီဥတုက လေမတိုက်ဘဲ ငြိမ်နေတာတွေ့ရပြီး မိုးအုံ့နေပေမဲ့ တောင်ပေါ်မှာ အတော်လေး ပူအိုက်တာကို
ခံစားမိပါတယ်။ တောင်ထိပ်မရောက်ခင်မှာ စေတီနဲ့ ဘုရားခြေတော်ရာတစ်ခုတွေ့ရပြီး ဆက်တက်တဲ့
လမ်းညာဘက်မှာ ဘုန်းတော်ကြီးကျောင်းငယ်(၂)ခုလောက် တွေ့ရပါတယ်။
တောင်ပေါ်ထိပ်မှာ စေတီတစ်ဆူနဲ့
မဟာမုနိကိုယ်တော်ကို ဖူးမြှော်ရပါတယ်။ တောင်ပေါ်က လှမ်းကြည့်လိုက်တော့ အဝေးမှာ ပြပြမြင်ရတဲ့လှေခွင်းတောင်နဲ့
ကွေ့ကောက်စွာနဲ့ရှိနေတဲ့ ပေါင်းလောင်းချောင်းကြီးကို မြင်လိုက်ရပါတယ်။
အတက်လမ်းအတိုင်းပြန်ဆင်းလာတော့
စတက်တက်ချင်းတွေ့တဲ့ ဆရာတော်ကျောင်းရှေ့မှာ ရွာခံကလေးများက ဆင်ဖြူတွင်းမှ ရေများကို
ရေသန့်ဘူးလေးတွေနဲ့လာပေးပါတယ်။ မေးကြည့်တော့ ဆင်ဖြူတွင်းရေနဲ့မျက်နှာသစ်ရင်အသားဖြူကြောင်း၊
ရောဂါကင်းကြောင်း သိရပါတယ်။ ဆင်ဖြူတွင်းက ဆရာတော်ကျောင်းအောင်ဖက် ၀င်လမ်းဘယ်ဘက်မှာ
အဆောင်လေးတစ်ခုကိုလှမ်းမြင်ရပါတယ်။ ဆင်ဖြူတောင်တော်နဲ့ဘုရားသမိုင်းကြောင်းမသိရတာမို့
ကလေးတွေဘဲမေးကြည့်ရပါတယ်။ ဒီခရီးမှာ အမှတ်တရအဖြစ် သမိုင်းဝင် ရသေ့ကြီး ဦးခန္တီ တည်ထားသော
စေတီများရှိသော်လည်း လမ်းပန်းဆက်သွယ်မှုကြောင့် ဘုရားဖူးနည်းပါးခြင်း၊ ဘုရားဖူးနည်းပါးသောကြောင့်
ဒေသခံများ ဈေးဆိုင်မရှိခြင်း(ရှားပါး ၁ ဆိုင်သာရှိ)၊ ဆရာတော်နှင့်အခြားသံဃာတော်များပင်
ပျဥ်းမနားသို့ တစ်ပါတ်လုံး အလှူခံထွက်ရလေ့ရှိကာ ရသမျှ ဆန်ကို သုံးဘီးဆိုင်ကယ်ငှားပြီး
သယ်ရကြောင်း ဆရာတော်မှ မိန့်ကြား ပါသည်။ တောင်ပေါ်တက်ရာလမ်းတွင် ဘုရားစေတီများတွေ့ရသော်လည်း
မွမ်းမံနိုင်ခြင်းမရှိ တောင်ထိပ်တွင် လွန်စွာခြောက်ကပ်နေကြောင်းတွေ့ရှိရပါသည်။ ယခင်ကမူ
အလွန်ပင်စည်ကားသော တောင်ပေါ်စေတီတစ်ခု ဖြစ်ခဲ့ကြောင်း စောင်းတန်းတစ်လျှောက်နှင့်ဘုရားပေါ်ရှိ
အလှူရှင်များကဗျည်းကို ကြည့်ခြင်းဖြင့်သိရနိုင်ပါသည်။ ယခုဘာကြောင့် ခြောက်ကပ်သွားသနည်း။
ကျွန်တော့တွင် အဖြေမရှိပါ။ ဖြစ်နိုင်တာကို ခန့်မှန်းကြည့်တာတော့ မူလဘုရားအ၀င်သည် သကြားစက်ဘက်မှ
တိုက်ရိုက်ဝင်နိုင်ခဲ့ပြီး ယခုမူ ပေါင်းလောင်းဆည်ပိတ်မှုကြောင့် ရေပြင်များဝိုင်းကာ
ယခင်လမ်းပျောက်သွားသည်ဟု ဒေသခံများပြောဆိုချက်အရလည်းကောင်း၊ မူလတောင်ခြေ၀င်လမ်း စောင်းတန်းနှင့်ဇရပ်ကြီးသည် ရေပြင်ကြီးနှင့်ဦးတိုက်ကာ
ယခုလက်ရှိ အ၀င်လမ်းသည် တောက်ခြေပတ်ပြီး သီခြား စောင်းတန်းမကြီးသို့ ဖြတ်ဝင်သည်ကို တွေ့ရပါသည်။
လှေခွင်းတောင်သမိုင်းတွင် မဖြူသည် ဆင်ဖြူတောင်တွင် ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့်
ဆင်ဖြူတောင်တော်တွင် တောင်စောင့်နတ်မယ်ဖြစ်လျှက် ၊ မညိုမှာ လှေခွင်းတောင်၌
ဘုရားတည်ရန် စိတ်စွဲလန်း၍ သေဆုံးခဲ့ရသူဖြစ်သဖြင့် လှေခွင်းတောင်တော် တွင်
တောင်စောင့်နတ်မယ်ဖြစ်ကာ “ မယ်ဖြူ ၊ မယ်ညို ” တို့အား နတ်ကွန်း ၊
နတ်နန်းများ ဆောက်လုပ်၍ ယနေ့အချိန်ထိ နှစ်စဉ်ထာဝရ ပူဇော်ပသခဲ့ကြသည်ဟုဆိုပါသည်။ ၀ါစဉ်အရ ဆင်ဖြူတောင်ဘုရားပွဲပြီးမှ လှေခွင်းတောင် ဘုရားပွဲလုပ်ရသည်ဟု ဒေသခံများကဆိုပါသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော့်အတွက် အပြန်ခရီးတွင် သံဃာတော်များဆွမ်းဆန်ရရှိရေး လမ်းသစ်ဘက်မှပတ်ပြီး ဝေးလံစွာ ပျဉ်းမနားမြို့ထဲအထိ ဆွမ်းဆန်စိမ်းရရှိရေးကြိုပမ်းနေရမှု၊ ဆင်ဖြူတောင်သို့ ဧည့်သည်အ၀င် မရှိသလောက်နည်းပါးမှုကြောင့် ဘုရားအတွက် အလှူခံငွေရရှိမှုနည်းပါးသလို (အလှူခံပုံးပင်မရှိ၊ ပန်းနှင့်ဆီမီးရောင်းသူမရှိ၍ ကပ်လှူသူလည်းမရှိ) ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း(ဈေးဆိုင်များ၊ လက်ဆောင်ပစ္စည်းဆိုင်များ စသဖြင့်)နှင့် အကျိုးစီးပွားချို့တဲ့မှုများ၊ ဆာလောင်မှုကြောင့် ဆင်ဖြူတောင်ရှိ မျောက်အုပ်စုများ ရှင်သန်နေထိုင်မှုကို ပြန်လည်မြင်ယောင်ရင်း အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်ကို ရက်ပေါင်းအတော်ကြာသည်အထိ တွက်နေမိမှာ ဖြစ်ပါကြောင်းနဲ့ သမိုင်းဝင်ဆင်ဖြူတောင်ဘုရားကို ဘုရားဖူးအခွင့်သင့်လို့ သွားရောက်မည့် သူများအနေဖြင့် ဆရာတော်ထံ ဆွမ်းဆန်စိမ်း၊ န၀ကမ္မအလှူငွေများ ကပ်လှူနိုင်ရန်နှင့် မျောက်စာများအတွက် ကြိုတင် စီစဉ်သွားနိုင်လျှင်ဖြင့် လွန်စွာကုသိုလ်ရမည့်အကြောင်း ဤဆာင်းပါးဖြင့် နှိုးဆော်ဖော်ပြလိုက်ရပါတယ်။
မည်သို့ပင်ဖြစ်စေ ကျွန်တော့်အတွက် အပြန်ခရီးတွင် သံဃာတော်များဆွမ်းဆန်ရရှိရေး လမ်းသစ်ဘက်မှပတ်ပြီး ဝေးလံစွာ ပျဉ်းမနားမြို့ထဲအထိ ဆွမ်းဆန်စိမ်းရရှိရေးကြိုပမ်းနေရမှု၊ ဆင်ဖြူတောင်သို့ ဧည့်သည်အ၀င် မရှိသလောက်နည်းပါးမှုကြောင့် ဘုရားအတွက် အလှူခံငွေရရှိမှုနည်းပါးသလို (အလှူခံပုံးပင်မရှိ၊ ပန်းနှင့်ဆီမီးရောင်းသူမရှိ၍ ကပ်လှူသူလည်းမရှိ) ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း(ဈေးဆိုင်များ၊ လက်ဆောင်ပစ္စည်းဆိုင်များ စသဖြင့်)နှင့် အကျိုးစီးပွားချို့တဲ့မှုများ၊ ဆာလောင်မှုကြောင့် ဆင်ဖြူတောင်ရှိ မျောက်အုပ်စုများ ရှင်သန်နေထိုင်မှုကို ပြန်လည်မြင်ယောင်ရင်း အဖြေမရှိသော ပုစ္ဆာတစ်ပုဒ်ကို ရက်ပေါင်းအတော်ကြာသည်အထိ တွက်နေမိမှာ ဖြစ်ပါကြောင်းနဲ့ သမိုင်းဝင်ဆင်ဖြူတောင်ဘုရားကို ဘုရားဖူးအခွင့်သင့်လို့ သွားရောက်မည့် သူများအနေဖြင့် ဆရာတော်ထံ ဆွမ်းဆန်စိမ်း၊ န၀ကမ္မအလှူငွေများ ကပ်လှူနိုင်ရန်နှင့် မျောက်စာများအတွက် ကြိုတင် စီစဉ်သွားနိုင်လျှင်ဖြင့် လွန်စွာကုသိုလ်ရမည့်အကြောင်း ဤဆာင်းပါးဖြင့် နှိုးဆော်ဖော်ပြလိုက်ရပါတယ်။
ဆောင်းပါးရှင်-ဗလ
No comments:
Post a Comment